ကမ္ဘာပျက်ဇာတ်ကားတွေဟာ အက်ရှင်တွေများများ ကြောက်စရာသဘာဝဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ထဲမှာ လူသားတွေ အသက်ရှင်နိုင်အောင် ပြေးလွှားကြပုံ ရုန်းကန်ကြပုံတို့ကို ရင်တမမဖြစ်နေအောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကားတွေများပါတယ်။ ဒါပေမဲ့ Netflix ကထွက်ရှိထားတဲ့ Don’t look up ဆိုတဲ့ရုပ်ရှင်ကတော့ အဲ့လိုမဟုတ်ပါဘူး ။ ကမ္ဘာပျက်ကားဆိုပေမဲ့ တချိန်တည်းမှာပဲ ဟာသတွေပါ ရောနှောထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်မှာတောင် လူသားတွေကတကိုယ်ကောင်းဆန်ကြပုံတွေ ၊ နိုင်ငံရေးသမားတွေရဲ့ အာဏာကလွဲ ဘာမှစိတ်မဝင်စားပုံတွေ ၊သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စားကြတာတွေ စတာတွေကို စိတ်ဝင်တစားမြင်ရမဲ့ ဇာတ်ကားဖြစ်ပါတယ် ။ ကမ္ဘာပျက်ဇာတ်ကားဆိုရင် ပြေးလွှားနေကြတာတွေပဲမြင်နေရသူပရိသတ်တွေအတွက် ဒီကားကအရမ်းကောင်းပါတယ်။ အဲ့လိုမျိုးတွေမပါဘူးဆိုပေမဲ့လည်း တစ်ကားလုံး မပျင်းရအောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ မီချီဂန်ပြည်နယ်တက္ကသိုလ်က ကျောင်းသူ Kate Dibiasky ဟာ ကမ္ဘာကြီးအနီးနားမှာရှိနေတဲ့ အာကသထဲကအရာတွေကို စူးစမ်းလေ့လာနေသူတစ်ဦးပါ ။ဒီလိုနဲ့သူမဟာ ကမ္ဘာနားမှာ ဥက္ကာခဲကြီးတစ်ခုကို ရှာတွေ့ခဲ့ပြီးနောက် ဒေါက်တာ Randall Mindy နဲ့အတူ ဥက္ကာခဲရဲ့ အရှိန်နှုန်းကို တွက်ကြည့်တဲ့အခါမှာတော့ နောက်ခြောက်လအတွင်း ကမ္ဘာကိုဝင်တိုက်မဲ့အကြောင်းကို သိသွားကြပါတယ် ။ ဒီလိုနဲ့သူတို့ဟာ နာဆာရဲ့ ဒေါက်တာ Teddy Oglethorpe နဲ့အတူတူ အမေရိကန်သမ္မတ Janie Orlean ကိုသွားသတိပေးခဲ့ကြပေမဲ့ သမ္မတဟာ ဥက္ကာခဲဝင်တိုက်ဖို့ ဖြစ်နိုင်ချေနည်းတယ်ဆိုပြီး ဘာမှမလုပ်ခဲ့ပါဘူး ။ ဒီလိုနဲ့သူတို့နှစ်ယောက် မီဒီယာတွေကတဆင့် လူတွေအားလုံးကို သတိပေးဖို့လုပ်ခဲ့ပေမဲ့လည်း အားလုံးက မယုံခဲ့ကြပြန်ပါဘူး ။ဒါပေမဲ့ သမ္မတရဲ့ ဖောက်ပြန်မူသတင်းတစ်ခုဟာ ပေါက်ကြားသွားပြီး ရွေးကောက်ပွဲကလည်းနီးနေတဲ့အတွက် သမ္မတဟာ လူတွေယုံကြည်မူကိုရအောင် ဥက္ကာခဲအကြောင်းကို ဖွင့်ချကာ မြေပြင်ကနေ ဗုံးတွေနဲ့ ဥက္ကာခဲကိုဖျက်စီးဖို့စီစဥ်ပါတယ်။ ဒါပေမဲ့ ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ BASH ရဲ့ ဥက္ကဌဖြစ်သူဟာ ဥက္ကာခဲထဲမှာ အဖိုးတန်သတ္တုတွေပါနေတယ်ဆိုပြီး မဖျက်စီးပစ်ပဲ ကမ္ဘာပေါ်ကို သယ်လာနိုင်မဲ့နည်းလမ်းကို ရွေးချယ်လိုက်ပါတယ် ။အဲ့လိုနဲ့နောက်ဆုံးမှာ ကမ္ဘာကြီးပျက်စီးသွားမလား ဥက္ကာခဲကိုပဲ ဖျက်စီးလိုက်နိုင်မလား ကမ္ဘာမြေပေါ်သယ်လာပြီး လူတွေကအသုံးပြုနိုင်လိုက်မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်မူတွေ အစိုးရတွေရဲ့မကောင်းမူတွေ စီးပွားရေးသမားတွေရဲ့လောဘ စတာတွေကို ဟာသနှောနှောနဲ့ ကြည့်နိုင်မှာပါ ။ ပါဝင်တဲ့သရုပ်ဆောင်တွေကကောင်းလွန်းလို့ သူတို့အပူကို ကြည့်နေတဲ့ပရိသတ်တွေကပါ စိတ်တပူပူ ရင်တမမနဲ့ တကယ်သာဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူနေရမဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။
Kate Dibiasky အဖြစ် Jennifer Lawrence နဲ့ Randall Mindy အဖြစ် Leonardo Dicaprio တို့က အဓိကသရုပ်ဆောင်ထားကြပါတယ်။ ကမ္ဘာပျက် ဟာသကားဖြစ်တဲ့အပြင် သရော်ဇာတ်ကားလို့တောင် ပြောလို့ရပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က Netflix မှာစတင်ပြသခဲ့ပြီး ဆုတော်တော်များများအတွက် ဆန်ကာတင်စာရင်းတွေဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ။ဒါတင်မကပဲ National Board of Review နဲ့ American Flim Institute တို့ကရွေးချယ်တဲ့ 2021 ရဲ့ အကောင်းဆုံးဇာတ်ကားစာရင်းမှာပါ ပါဝင်သေးတဲ့ ဇာတ်ကားကောင်းတစ်ခုပါ ။ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ပြီး ဇာတ်အိမ်တည်ထားပုံ ဇာတ်လမ်းကိုဆွဲခေါ်သွားပုံကလည်း ပျင်းဖို့မကောင်းတာကြောင့် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ် ။
Credit: Netflix