အခုဆို မိုးရာသီကိုလည်းရောက်လာပြီဆိုတော့ ကျနော်တို့အားလုံး သတိထားသင့်တဲ့ပြဿနာလေးတခုရှိပါတယ်ဗျ။ အဲ့တာကတော့ အဖြစ်များတဲ့ ဝဲရောဂါပဲဖြစ်ပါတယ်။ မိုးတွင်းမှာဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံကလမ်းတွေမှာ ရေကြီးရေလျှံတာတွေ လမ်းပေါ်မှာ ချိုင့်ခွက်တွေနဲ့ ရွံ့တွေ ရှိနေတတ်ပါတယ်။ ငယ်ငယ်ကဆို ရွံ့ဗွက်ရေ တွေထိလာခဲ့ရင် အမေက “ရေဆေး ဝဲပေါက်မယ်” ဆိုပြီး ပြောတာခံခဲ့ဖူးမှာပါ။ မသန့်ရှင်းတဲ့ရေတွေ မသန့်ရှင်းတဲ့ အရာ၀တ္တုတွေနဲ့ ထိတွေ့မိရင် ဝဲပေါက်နိုင်တယ်ဆိုပြီး ကျနော်တို့ အကြမ်းဖျင်း နားလည်ထားကြပါတယ်။ အဲ့တော့ ကျနော်က ဝဲဘာကြောင့်ပေါက်တာလဲ၊ မပေါက်အောင်ဘယ်လို ကာကွယ်ရမလဲ၊ ဖြစ်လာရင်ဘယ်လို ကုသပျောက်ကင်းနိုင်မလဲ ဆိုတာ နဲနဲလောက် ရှင်းပြပေးချင်ပါတယ်။
ဝဲရောဂါဆိုတာဟာ Sarcoptes scabiei လို့ခေါ်တဲ့ ယားယံစေတဲ့ ဝဲပိုးများအရေးပြားပေါ် ကူးစက်ခြင်းမှ ဖြစ်ပေါ်ပါတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဝဲပိုးများဟာ အရေပြားရဲ့အပေါ်ပိုင်းကို တွင်းတူး၀င်ရောက်ပြီး ဥတွေဥချကာ အကောင်တွေပွားတတ်ပါတယ်။ စပြီးကူးစက် ပြီဆိုရင် အရေပြားပြင်းပြင်းထန်ထန် ယားယံပြီး၊ ၀က်ခြံလိုလို ခြင်ကိုက်ဖုလိုလို အဖုများ ဖြစ်ပေါ်လာတတ်ပါတယ်။ ကျနော်တို့ထင်နေသလို ညစ်ပတ်တဲ့ရေတွေကြောင့် ကူးစက်တာ မဟုတ်ဘဲ ဝဲပိုးရှိသူတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးစက်စေနိုင်ပါတယ်။ ဝဲပိုးရှိသူတွေနဲ့ အရေပြားချင်းကြာကြာထိတွေ့တာ၊ ဘတ်စ် ကားကဲ့သို့ လူကျပ်တဲ့နေရာတွေ မှာအရေပြားချင်း ထိတွေ့နေမိတာကနေကူးစက်စေနိုင်ပါတယ်။ ဝဲပိုးတွေကိုယ့်အရေပြားပေါ်ရောက်လာပြီဆိုရင်တော့ ၄ရက်ကနေ ၄ပတ်အတွင်း လက္ခဏာတွေစပြီး ပြတတ်ပါတယ်။
အဓိကပြတတ်တဲ့ လက္ခဏာတွေ အနေနဲ့ကတော့ အရေပြားနီရဲယားယံပြီး အဖုအပိန့်တွေ ပေါက်လာတာပဲဖြစ်ပါတယ်။ အဖုအပိန့်တွေဟာ ခန္ဓာကိုယ်အနှံ့ပေါက်နိုင်ပြီး အထူးသဖြင့် လက်ကောက်၀တ်၊ လက်မောင်း၊ လက်ချောင်း ခြေချောင်းခြားတွေ၊ ခါးနဲ့ ပေါင်ခြံ တွေမှာပေါက်တတ်ပါတယ်။ အဲ့လိုပေါက်ပြီး ယားယံတဲ့အတွက်ကြောင့် ကုတ်ဖဲ့မိရာကနေ နောက်ဆက်တွဲ ဘတ်တီးရီးယားပိုးတွေ ၀င်လာတတ်ပါတယ်။ အဲ့လိုမျိုး အဖုအပိန့်တွေလဲ ထွက်မယ်၊ မကုပ်မနေရအောင် အချိန်တိုင်းယားနေမယ်၊ အထူးသဖြင့် ညဘက်တွေအိပ်မရအောင် ယားနေမယ်ဆိုရင်တော့ ကိုယ့်မှာ ဝဲရှိနေပြီဆိုပြီး သတ်မှတ်လို့ရပါပြီ။
ဝဲရောဂါကို ကုသချင်ရင်တော့ ယားယံတာပျောက်ဖို့ လိမ်းဆေးတွေလိမ်းနိုင်ပြီး၊ ဝဲပိုးတွေသေစေနိုင်ဖို့ ၀ဲသေဆေးတွေလည်း လိမ်းနိုင်ပါသေးတယ်။ သောက်ဆေးအနေနဲ့ကတော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး ဘေးကင်းတဲ့ အရေပြားဆေးတွေ သောက်လို့ရနိုင်ပါတယ်။ ဝဲရောဂါဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေးပေါက်နိုင်ပြီး ကူးစက်မြန်တဲ့ရောဂါဖြစ်လို့ ကိုယ့်မှာဖြစ်နေရင် ကိုယ်နဲ့အတူနေမိသားစုတွေလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ ၀ဲပိုးတွေကပ်နေနိုင်တဲ့ အိပ်ယာခင်းတွေ အသုံးအဆောင်တွေကို လျှော်တာ၊ ရေနွေးပူနဲ့စိမ်တာတွေလုပ်သင့်ပြီး၊ အတူနေမိသားစုတွေနဲ့လည်း ခွဲပြီးနေတာ၊ ပစ္စည်းအတူမသုံးတာတွေ ပြုလုပ်နိုင်ပါတယ်။
အနှစ်ချုပ်ရရင်တော့ ဝဲမဖြစ်အောင် ကိုယ့်ရဲ့တကိုယ်ရည် အသုံးအဆောင်တွေကို ပုံမှန်လျှော်ဖွတ်တာ၊ နေလှန်းတာ၊ ပိုးသတ်တာတွေလုပ်သင့်ပြီး ဝဲရှိသူတွေနဲ့ မထိမိအောင်နေသင့်ပါတယ်။ ဒါပေမယ့် ဝဲဆိုတာမျက်စိနဲ့မမြင်နိုင်တဲ့ ပိုးဖြစ်လို့ ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံး ဝဲရောဂါပျောက်စေတဲ့ လိမ်းဆေးတွေ ယားယံတာသက်သာစေတဲ့ ဆေးတွေလိမ်းနိုင်ပြီး အမြန်ဆုံးပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။