စျေးကွက်ထဲမှာ Multivitamins ဆိုပြီး ဗိုက်တာမင်တွေနဲ့ အားဆေးတွေ အများကြီးရောင်းကြပါတယ်။ အထူးသဖြင့် ကိုဗစ်ပေါ်လာပြီးနောက် ကိုယ်ခံအားတက်စေဖို့ဆိုပြီး အားဆေးတွေ ပိုသောက်လာကြပါတယ်။ ဒါ ဆို အားဆေးသောက်ရင် ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေရှိမလဲ၊ အားဆေးသောက်တိုင်း တကယ်ကိုယ်ခံအား တက်တာလားဆိုတာ ဒီမှာ ဖတ်ကြည့်လိုက်ရအောင်။
Micronutrient လို့ခေါ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တာ အမှန်ပါပဲ။ ခုခံအားစနစ် ကောင်းနေဖို့ သူတို့ကို လိုအပ်ပါတယ်။ အဓိက ကတော့ ဗိုက်တာမင် A, C, D, E, B6, B12, ဖောလိတ်၊ ဇင့်၊ သံဓာတ်နဲ့ ကော့ပါးတို့ ဖြစ်ပါတယ်။ တကယ်တော့ နေ့စဥ်ပုံမှန် စားနေတဲ့ အစားအသောက်တွေမှာ ဒါတွေ ပါပြီးသားပါ။
ဒါဆို ဘယ်လိုလူတွေမှာ အာဟာရချိုတဲ့မှု ပိုဖြစ်နိုင်လဲ။ အသက် ၅၀ ကျော်လာတဲ့ လူကြီးတွေ၊ စိတ်ဖိစီးမှုများတဲ့လူတွေ၊ ရောဂါအခံရှိတဲ့လူတွေနဲ့ မကြာခဏနေမကောင်းဖြစ်တဲ့လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
အဲဒီအတွက် အားဆေးသောက်မယ်ဆိုရင် အဓိက သိထားရမယ့် အချက်က RDA လို့ခေါ်တဲ့ နေ့စဥ် လိုအပ်တဲ့ပမာဏ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီပမာဏ မပြည့်မီရင် လိုချင်တဲ့အာနိသင် ရမှာ မဟုတ်သလို အဲဒီထက်ပိုသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာပါ။ နောက်ထပ် သိသင့်တာက အားဆေးကို လုံးဝ အားကိုးနေတာထက် နေ့စဥ်စားတဲ့ အစားအစာကို အာဟာရ ပြည့်ဝအောင် စားဖို့ ပိုအရေးကြီးတယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ခံအားကို တကယ်တက်စေတဲ့ Micronutrients တွေက ဗိုက်တာမင် C,D နဲ့ ဇင့် ဖြစ်ပါတယ်။ အားဆေးသောက်မယ်ဆိုရင်ဒီ ၃ မျိုးကို ကိုယ်လိုချင်တဲ့ ပမာဏရအောင် ဦးစားပေး ရွေးချယ်သင့်ပါတယ်။
ဗိုက်တာမင် C သောက်ရင် တော်ရုံတန်ရုံ အအေးမိ နှာစေးတာကို ကာကွယ်နိုင်ပါတယ်။ အနာကျက်တာကိုလည်းမြန်စေပါတယ်။ RDA က ၂၀၀ mg ဖြစ်ပါတယ်။ ဗိုက်တာမင် D ကလည်း ကိုယ်ခံအားကောင်းဖို အထောက်အကူပြုပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေကို ကာကွယ်ပေးပါတယ်။ သူကတော့ တစ်နေ့ကို ၁၀မိုက်ခရိုဂရမ်သောက်ရင် လုံလောက်ပါတယ်။ ဇင့်ကကျတော့ ခုခံအားစနစ်မှာ မရှိမဖြစ်လိုအပ်တဲ့ သွေးဖြူဥလေးတွေ အလုပ်လုပ်ဖို့ လိုအပ်တာပါ။ သူ့ရဲ့ RDA ကိုတော့ အတိအကျမသိရသေးဘဲ လေ့လာလျက်သာ ရှိပါတယ်။
ကိုဗစ် ရောဂါကို ကာကွယ်ဖို့ အားဆေးသောက်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ကာကွယ်ဆေးကို ထိုးရမယ့် ရက်မှာအပြည့်အစုံ ထိုးပေးဖို့ လိုပါတယ်။ အားဆေးတွေပဲ အများကြီး သောက်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
ဗိုက်တာမင် C ကို အလွန်အကျွံ သောက်ရင် ဝမ်းလျှော၊ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်တာမင် D ကတော့ တစ်နေ့ကို ၁၀၀ မိုက်ခရိုဂရမ်ထက် ပိုသောက်ရင် အရမ်းအန္တရာယ်များပါတယ်။ ဆီးကျောက်တည်ခြင်း၊ အာရုံချို့ယွင်းခြင်း၊ အစာစားချင်စိတ် မရှိခြင်းနဲ့ ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်စေပါတယ်။ ဇင့်က လိုတာထက်ပိုရင် ဝမ်းလျှော၊ ပျို့အန်တာအပြင် ခေါင်းမူးခေါင်းကိုက်စေတတ်ပါတယ်။
ဒါကြောင့်အားဆေးကို ၂ မျိုး ၃ မျိုး၊ လိုတာထက်ပိုပြီး သောက်နေစရာ မလိုပါဘူး။ သင့်လျော်တဲ့ ပမာဏလေးပဲ သောက်သုံးသင့်ကြောင်း အကြံပြုလိုပါတယ်နော်။
Ref : https://www.medicalnewstoday.com/articles/do-supplements-really-benefit-the-immune-system