သင်္ကြန်တွင်းမှာ ကဲနေကျ ကိုကိုမမတွေကတော့ အိမ်တွင်းပုန်းရတာ ၃ နှစ်မြောက် ဖြစ်လာတဲ့အခါ စိတ်ထဲ မရိုးမရွဖြစ်နေကြတော့မှာပါ။
အပြင်ထွက်မလည်ဖြစ်ရင်တောင် ဆံပင်ဆေးဆိုးပြီး လန်းချင်တဲ့သူလေးတွေလည်း ရှိကြတယ် မဟုတ်လား။ အဲဒီလို ဆံပင်ဆေးဆိုးတာက လန်းပေမဲ့ တကယ်တမ်း ဆံသားထိခိုက်ပျက်စီးမှုတွေ အများကြီး ရှိနိုင်ပါတယ်။
အဆိုးဆုံးအချက်က ဆံသားရဲ့ အရေးပါတဲ့ ပရိုတိန်းဓာတ်ကို ပျက်စီးစေတာပါ။ ဆံသား ၁ ချောင်းရဲ့ ဖွဲစည်းတည်ဆောက်ပုံမှာ ပရိုတိန်းဓာတ်က ၉၅ ရာခိုင်နှုန်းတောင် ပါဝင်ပါတယ်။ အဲဒီ ပရိုတိန်းလေးတွေကို ပျက်စီးစေတဲ့ထဲမှာ အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အပြင် ဆံပင်ဆိုးဆေးတွေလည်း ပါပါတယ်။
ပရိုတိန်းတွေ ပျက်စီးသွားတဲ့အခါ ဆံသားဖွဲစည်းမှု လျော့ရဲလာပါတယ်။ အကျိုးဆက်အနေနဲ့...
1. ဆံပင်ကျိုးလွယ် ပျက်လွယ်တယ်
2. အပူပေးပြီး ပုံသွင်းတဲ့ဒဏ်ကို မခံနိုင်တော့ဘူး
3. ဆံသားပါးလာမယ်
4. ဆံသားကြမ်းတမ်းလာမယ်
စတဲ့ ဆိုးကျိူးတွေ ရှိလာတတ်ပါတယ်။ အစတည်းက ဆံပင်ပါးတဲ့သူဆိုရင်တော့ ပိုပါးလာတော့မှာပါနော်။
ဆံပင်မဆိုးခင် အရောင်ချွတ်တာ (Bleach) လုပ်ရင်လည်း အဲဒီချွတ်ဆေးထဲမှာ ပါတဲ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ကြောင့် ဆံသားပိုပျက်စီးနိုင်ပါတယ်။ ချွတ်ဆေး များများ သုံးလေ၊ ဆံသား ပိုထိလေပါ။ ဒါကြောင့် နဂိုဆံပင် အမည်းရောင်ရှိတဲ့ မြန်မာလူမျိူးလေးတွေ အနေနဲ့ အရမ်းနုတဲ့ ဆံပင်အရောင်ကို တိုက်ရိုက်တန်းဆိုးရင် ချွတ်ဆေးအများကြီး သုံးရမှာမို့ မဆိုးစေချင်ပါဘူး။
ဒီလို ဆိုးကျိုးလေးတွေ ရှိနေတာမို့ ကိုယ့်ရဲ့ ဆံသားကို ပိုးမွေးသလို ဥထားတဲ့ သူတွေ အနေနဲ့ ဆံပင်ဆိုးချင်လာပြီဆို နောက်တစ်ခေါက် ပြန်စဥ်းစားပါဦးလို့ အကြံပေးလိုက်ချင်ပါတယ်နော်။
Ref : https://www.healthline.com/health/does-dying-your-hair-damage-it#takeaway