ဂျုံတို့ ဆန်တို့ သိပ်ကြိုက်တဲ့ မြန်မာလူမျိုးတွေအတွက် မြန်မာမုန့် လေးတွေက ဘယ်တော့မှ မရိုးနိုင်ပါဘူး။ မြန်မာမုန့်ပေါင်းများစွာရှိတဲ့ထဲက အခုထက်ထိ လူငယ်ရော လူကြီးများပါ ကြိုက်နှစ်သက်ပြီး ရောင်းတန်းတွေမှာ လည်း ရောင်းကောင်းနေဆဲဖြစ်တဲ့ မုန့်တစ်မျိုးကတော့ မုန့်ပြားသလပ် လို့ခေါ်တဲ့ မုန့်ပါပဲ။
ဒီအစားစာဟာဆိုရင် လုပ်ရတာအရမ်းကြီးမခက်သလို စားလို့လည်းသိပ်ကောင်းတာမလို့ အခုနောက်ပိုင်းမှာ ဆိုရင် အရင်ခေတ်က မုန့်ပြားသလပ်မဟုတ်တော့ပဲ Upgrade လုပ်ထားတဲ့ မုန့်ပြားသလပ်တွေပါ ရန်ကုန်နဲ့မန္တလေးမှာ ရရှိနေကြပါပြီ...
ဆိုတော့ အစာပြေပဲ စားစား အပျင်းပြေပဲစားစား ၊ မနက်စာ ကော်ဖီလေးနဲ့သောက်သောက် အရသာရှိတဲ့ မုန့်ပြားသလပ် လုပ်နည်းလေးကို ဝေမျှပေးပါမယ်နော်...
အရမ်းရိုးရှင်းပြီးလွယ်ပူတဲ့နည်းလေးကို ပြောပြသွားမှာမလို့ အတူတူ လိုက်လုပ်ကြည့်ကြဦးနော်
ပါဝင်ပစ္စည်းများ
_ ယိုးဒယား ဂျုံမှုန့် ၊ ဆားအနည်းငယ်၊ ဆီ၊ ရေအနည်းငယ်
_ ကြက်သွန်မြိတ်၊ နံနံပင်၊ ပဲပြုတ် နှင့် မိမိထည့်ချင်တဲ့အစာပလာများထည့်ပါ...(အိုင်ကတော့ အလွယ်လေးပဲ လုပ်ပြတာမလို့ ဒီသုံးမျိုးပဲသုံးပါမယ်နော်)
ဒါနဲ့တင်တော်တော်စားကောင်းမှာမလို့ စလုပ်ကြည့်လိုက်ရအောင်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဂျုံမှုန့် ထမင်းစားဇွန်း ၅ဇွန်းကို ရေနဲ့ မပျစ်မကျဲ အနေလေးဖျော်ပါ။ ဒီထဲကို ဆားအနည်းငယ်ထည့်ပါ(အရသာအတွက်ပါ)
(၂) ဆားထည့်ထားတဲ့ အရည်ထဲကို ကြက်သွန်မြိတ် လေးတွေပါးပါးလှီးပြီးထည့်မွှေထားပါ။
(၃) ဆီအိုး အရမ်းမပူ အရမ်းမအေး အနေလေးမှာ မုန့်စလုပ်လို့ရပါပြီ
(၄) မုန့်သားကို ညီညီလေးတွေဖြစ်အောင် ဟင်းချက်တဲ့ ဇွန်းခွက်နဲ့ ပုံစံခွက်တစ်ခွက်စာ ထည့်ပြီး တစ်ခုဆီ စိတ်ရှည်ရှည်လုပ်ပါနော်
(၅) အိုးထဲကို မုန့်သားထည့်ပြီးပြီး အပေါ်ကနေ ပဲပြုတ်နဲ့ နံနံပင်လေးဖြူးထည့်ပါ။
(၆) ပြီးရင် ဆီစုတ်တံလေးနဲ့ မုန့်သားအပေါ်ကနေ ဆီလေးတွေ သုပ်ပေးပါ။ ၁မိနစ်လောက်ဆိုရင်အောက်သားလေးရွှေဝါရောင်သန်းလာတဲ့အခါ ဟိုဘက်ဒီဘက်လှန်ပြီး ချလို့ရပါပြီနော်
ကဲ စိတ်ရှည်ရှည်နဲ့ လုပ်ပေးရင် သိပ်ကို စားလို့ကောင်းတဲ့ မုန့်ပြားသလပ်လေးမလို့ အိမ်မှာ မိသားစုနဲ့အတူတူ လုပ်စားကြည့်ကြဦးနော် ..
Source from Sl (own creation)
Photos credit from Google