နေရောင်ခြည်ကနေ ဗီတာမင်ဒီကို ရရှိနိုင်ပေမဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ ဆံသားရော အသားအရေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလ ရေဆော့ကစားတဲ့အခါမှာ ပက်တဲ့ရေတွေက မသန့်တာလည်း ဖြစ်နိုင်တာမို့ ဆံသားပျက်စီးဖို့က ပိုလွယ်ကူပါတယ်။ ဆံပင်က နေလောင်ပျက်စီးမယ့် အပြင် သင်္ကြန်ရေတွေပြန်စိုလိုက်၊ ခြောက်သွားလိုက် ဖြစ်နိုင်တဲ့အတွက် ဆံသားတွေက ကြမ်းသွားနိုင်ပါတယ်။ ဒီလိုဆံသားတွေ မပျက်စီးအောင် သင်္ကြန်မသွားခင် ဘယ်လို ထိန်းသိမ်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
သင်္ကြန်မှာလည်း ရေဆော့ချင်တယ် ဆံပင်လည်း မပျက်ဆီးချင်ဘူးဆိုရင်တော့ ရေပက်ခံထွက်တဲ့အခါ၊ မဏ္ဍပ်ထိုင်တဲ့အခါ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်ပါတဲ့ အင်္ကျီ ဒါမှမဟုတ် ဦးထုပ်လေးတွေ ဝတ်ဆင်ပါ။ ဒါက ဆံပင်ကို ရေတွေ တိုက်ရိုက်မသက်ရောက်ဖို့ အထောက်အကူပေးမှာပါ။
ဆံသားခြောက်တာကို ကာကွယ်ဖို့အတွက် ဆံပင်ကို ဆီလေးလိမ်းပြီးမှ အပြင်ထွက်ပါ။ သဘာဝ ဆီသန့်တွေဟာ ခြောက်သွေ့နေတဲ့ ဆံသားတွေအတွက် အကောင်းဆုံးပါပဲ။ အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါဆီ အစရှိသဖြင့် ဆီတွေဟာ ဆံသားကို ချောမွေ့တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျစ်ဆံမြီးလေး ကျစ်သွားပါ။ ကျစ်ဆံမြီးကျစ်မယ်ဆိုရင် ဆံပင်ရဲ့ အပေါ်တစ်လွှာလောက်ပဲ ပျက်စီးမှုဖြစ်မှာမို့ အများကြီး သက်သာစေပါတယ်။
ပြန်လာတဲ့အခါမှာလည်း ခေါင်းလျှော်တာ ဒါမှမဟုတ် ရေသန့်နဲ့ ပြန်လောင်းတာမျိုး ခပ်မြန်မြန်လေး လုပ်ပါ။ ခေါင်းလျှော်ဆပ်ပြာကို ခပ်ပျော့ပျော့အမျိုးအစားလေး သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။
ဘယ်လိုပဲ ကာကွယ် ကာကွယ် သင်္ကြန်ရေစိုတာကြောင့် ဆံပင်ပျက်စီးတာက အနည်းအကျဉ်းတော့ ရှိနေဦးမှာပါ။ သင်္ကြန်မှာ ရေပက်ခံထွက်တဲ့အခါ ဆံသားလေးတွေ မပျက်စီးချင်ဘူးဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကာကွယ်နည်းလေးတွေ ပြင်ဆင်ထားပြီး သင်္ကြန်ပြီးတဲ့အခါ ပေါင်းတင်ပေးဖို မမေ့လိုက်နဲ့နော်။
Photo Credit : Google